ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ Morning sickness သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတော်တော်များများ ခံစားရတဲ့ ကျန်းမာရေးပြဿနာလေး တစ်ခုရှိပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရနိုင်တဲ့ Morning sickness ပါ။
Morning sickness ဆိုတာ
Morning sickness ဆိုတာ ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ ပျို့အန်ချင်သလိုလို မအီမသာဖြစ်တဲ့ အခြေအနေ တစ်ရပ်ပါ။ ကိုယ်ဝန်အစောပိုင်းကာလမှာ ခံစားရနိုင်ပါတယ်။ Morning sickness ဆိုပေမယ့် မနက်ပိုင်းမှာပဲ ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ တစ်နေ့တာလုံးရဲ့ ဘယ်အချိန်မှာမဆို ခံစားရနိုင်ပါတယ်။ Morning sickness ကတော်တော်လေး မသက်မသာဖြစ်စေတဲ့ အခြေအနေ တစ်ရပ်ဖြစ်သလို နေ့စဉ်ဘဝမှာ ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာက မေမေ တစ်ယောက်နဲ့ တစ်ယောက်မတူနိုင်ပါဘူး။ များသောအားဖြင့်ကတော့ ကိုယ်ဝန်ဆောင်ကာလ ၁၆ ပတ် ကနေ အပတ် ၂၀ အတွင်းမှာ သက်သာသွားတတ်ပါတယ်။ ဒီထက်စောစော သက်သာသွားတာမျိုးလည်း ရှိပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ Morning sickness ဘာကြောင့် ဖြစ်ရတာလဲ
ကိုယ်ဝန်ဆောင်ချိန်မှာ Morning sickness ဖြစ်ရတာက ရုပ်ပိုင်းဆိုင်ရာ နဲ့ ဇီဝကမ္မဖြစ်စဉ်တွေ ပြောင်းလဲတာကြောင့်ပါ။ ဘယ်လိုပြောင်းလဲမှုတွေလည်းဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေရဲ့ ခန္ဓာကိုယ်မှာ
• အက်စထရိုဂျင်လို့ခေါ်တဲ့ မဟော်မုန်း ပမာဏ များလာတာ
• သွေးပေါင်ချိန် ကျတာ
• ခန္ဓာကိုယ်ရဲ့ ကာဗိုဟိုက်ဒရိုက် အသုံးပြုမှုပြောင်းလဲလာတာ
• ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ ခံစားရတာ
• စိတ်ဖိစီးမှု များတာတွေပါ။ ဟော်မုန်းပြောင်းလဲမှုကြောင့် ဖြစ်တာလို့ ယူဆကြပေမယ့် တိတိတကျကျ အဖြေထုတ်ထားနိုင်တာတော့ မဟုတ်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ Morning sickness ဖြစ်ရတာက အတော်လေး မသက်မသာဖြစ်စေတာ မှန်ပေမယ့် သတင်းကောင်းကတော့ ဒီလိုခံစားရတာကြောင့် ရင်သွေးလေးမှာ အန္တရာယ် မရှိဘူးဆိုတာပါ။ Morning sickness ကို ကိုယ်ဝန်ဆောင် အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက်အထိ ခံစားရတာပါ။
ဘယ်သူတွေမှာ အဖြစ်များလဲ
အခုပြောပြမယ့်သူတွေမှာ Morning sickness အဖြစ်များပါတယ်။
• အမြွှာ ကိုယ်ဝန်ဆောင်ထားရတာ
• အရင်ကိုယ်ဝန်တွေတုန်းက Morning sickness ဖြစ်ဖူးတာ
• အရင်ကတည်းက ကားမူးတာလိုမျိုး မူးမော်တာကို ခံစားရလေ့ရှိတ
• ခေါင်းတစ်ခြမ်းကိုက်တဲ့ ကျန်းမာရေးပြဿနာ ရှိတာ
• မျိုးရိုးရှိတာ
• ဟော်မုန်းပါတဲ့ သန္ဓေတားဆေးသောက်တုန်းက ဖျားချင်သလိုလို ခံစားရဖူးတာ
• စိတ်ဖိစီးမှု ရှိနေတာ
• သားဦး ကိုယ်ဝန်ဆောင်ထားရတာ
• စိတ်ဖီစီးနေတာ
• အဝလွန်တာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ Morning sickness သက်သာစေဖို့
ကိုယ်ဝန်ဆောင်ချိန်မှာ ခံစားရတဲ့ Morning sickness သက်သာစေဖို့အတွက် ဒီနည်းလမ်းလေးတွေကို လုပ်ဆောင်ပေးလို့ ရပါတယ်။
ပြည့်ပြည့်ဝဝ အနားယူပါ
ကိုယ်ဝန်ဆောင်ချိန်မှာ အနားမယူတမ်း အလုပ်တွေလုပ်တာ၊ အနားမရတာတွေက မအီမသာဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် Morning sickness သက်သာစေဖို့အတွက် ပြည့်ပြည့်ဝဝ အနားယူပါ။
နေထိုင်မကောင်းဖြစ်စေနိုင်တဲ့ အစားအစာတွေကို ရှောင်ပါ
အနံ့ပြင်း၊ အရသာပြင်းတဲ့ အစားအစာတွေကို ရှောင်ပါ။ ဒီလို ရှောင်တာက Morning sickness သက်သာစေဖို့အတွက် ထောက်ကူပေးနိုင်ပါတယ်။
ရေများများ သောက်ပါ
ရေ၊ သစ်သီးဖျော်ရည်တွေ သောက်ပေးတာက မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။။ ဒါကြောင့် ကိုယ်ဝန်ကြောင့် မအီမသာဖြစ်တာကို သက်သာစေဖို့အတွက် ရေများများ သောက်ပေးပါ။ သဘာဝ သစ်သီးဖျော်ရည်တွေ သောက်ပေးတာက လည်း နည်းလမ်းကောင်း တစ်ရပ်ပါ။
အစားကို နည်းနည်းနဲ့ အကြိမ်များများ စားပါ
ကိုယ်ဝန်ဆောင်ချိန်မှာ Morning sickness ဖြစ်တာကို သက်သာစေဖို့ဆိုရင် အစားကို နည်းနည်းချင်းနဲ့ အကြိမ်ရေ များများ စားပေးပါ။
ပူပူလောလောတွေ မစားပါနဲ့
ကိုယ်ဝန်ဆောင်ချိန်မှာ Morning sickness ဖြစ်တာကို သက်သာစေဖို့ဆိုရင် အစားအစာတွေ သောက်စရာတွေကို အေးအေးလေးတွေပဲ စားပါ။ ပူပူလောလောတွေ မစားပါနဲ့။ ပူတဲ့ အစားအစာတွေက ကိုယ်ဝန်ဆောင်ချိန်မှာ Morning sickness ဖြစ်တာကို ပိုဆိုးစေနိုင်ပါတယ်။
ချင်း (ဂျင်း) စားပါ
ချင်း (ဂျင်း) စားတာက ကျန်းမာစေသလို ကိုယ်ဝန်ဆောင်ချိန်မှာ Morning sickness ဖြစ်တာကိုလည်း သက်သာစေဖို့ဆိုရင် ထောက်ကူပေးပါတယ်။
ရေးသားသူ - မွန်မွန်